Saturday, May 1, 2010

ပိဋက ပေမူနိဒါန်း

ပိဋက ပေမူနိဒါန်း

(၁) သာသနာနှစ် ၂၃၆ -ခုတွင် ရဟန္တာအရှင်မဟိန္ဒမထေရ်သည် အဌကဌာနှင့် အတူတကွသော ပိဋက သုံးပုံကို သီဟိုဠ်ဘာသာသို့ပြန်ဆို၍ ပေထက်အက္ခရာတင်ခြင်း ၊

(၂) သာသနာနှစ် ၄၅၀-ခုတွင် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သော ရဟန္တာအရှင်မြတ် ၅၀၀ တို့ သည် သီဟိုဠ်ကျွန်း မလယဇနပုဒ်အနီးရှိ အာလောက လှိုဏ်၌ ပေါတ္ထကာရုဠျသံဂါယနာ (ပေထက်သံဂါယနာ) တင်တော်မူခြင်း၊

(၃) သာသနာနှစ် ၉၅၆-ခုတွင် အရှင်မဟာ ဗုဒ္ဓဃောသ မထေရ်မြတ်သည် သီဟိုဠ်ဘာသာ ပိဋကတော်တို့ကို မာဂဓဘာသာသို့ ပြန်ဆိုခြင်းနှင့် သင်္ဂဟအဌကဌာ (အဌကဌာအကျဉ်း) တို့ကို စနစ်တကျ တည်းဖြတ်သန့်စင်၍
ပေထက်တင်ခြင်း၊

(၄) သာသနာနှစ် ၉၅၆-ခု နောက်ပိုင်းတွင် အရှင်မဟာ ဗုဒ္ဓဃောသ မထေရ် ဘာသာပြန်ဆိုပြီးသော မာဂဓဘာသာ ပိဋက တော် (ပေမူ) များ မြန်မာနိုင်ငံ ၊ သုဝဏ္ဏဘူမိ ( ရာမညတိုင်း၊ သထုံ) သို့ရောက်ရှိ လာခြင်း၊

(၅) သုဝဏ္ဏဘူမိ (မွန်၊ ရာမညတိုင်း၊ သထုံမြို့ ) သို့ရောက် ရှိလာသော ပိဋကတော် (ပေမူ) တို့ကို သထုံ ( မွန်) ရဟန်း သံဃာတော်များ ဆင့်ပွားကူးယူ သင်ကြားပို့ချခြင်း၊

(၆) သုဝဏ္ဏဘူမိ၊ တွင် သာသနာတော် နေလိုလလို ထွန်းပပြီး သကာလ နှစ်ပေါင်း ၆၀၀ ကျော်အကြာ
သာသနာနှစ် ( ၁၆၀၁ )၊ ခရစ်နှစ် (၁၀၅၇) ၊မြန်မာနှစ် ( ၄၁၉ ) တွင် အနော်ရထားမင်းသည် သထုံမှ ပိဋကတော် အစုံ (ပေမူ) တို့ကို ပုဂံသို့ပင့်ဆောင် ခြင်း၊

(၇) ထိုနှစ်၌ပင် ရှင်အရဟံ မထေရ်သည် သီဟိုဠ်မှ ပိ`ဋက တော်( ပေမူ) တို့ကို ပင့်ဆောင် စေ၍ ရဟန္တာတစ်ထောင်တို့ပါဝင်ပြီး သီဟိုဠ်ပိဋက (ပေမူ) တို့ကို ၊ သထုံပိဋက (ပေမူ)တို့နှင့် စနစ်တကျ ညှိနှိုင်း အတည်ပြုပေးတော်မူခြင်း၊

(၈) ထို သီဟိုဠ်သထုံ ပိဌက တော် ( ပေမူ) တို့ကို စနစ်တကျ ညှိနှိုင်းပြီးသောအခါ ပုဂံပိဋက တိုက်ကြီးကို တည်ဆောက်စေ၍ ပိဋက တော် ( ပေမူ) တို့ကို စနစ်တကျ ထိန်းသိန်းစေခြင်း ၊ သင်ယူစေခြင်း၊ပို့ချစေခြင်း ၊ကူးယူစေခြင်း၊ ပြန့်ပွားစေခြင်း၊ ပုဂံဂန္တ၀င် ကျမ်းများကို ရေးသားပြုစု ကြခြင်း၊

(၉) ပုဂံခေတ်မှ အတည်ပြုခဲ့သော ပိဋက တော်(ပေမူ) တို့ကို ဦးထိပ်ထား၍ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ ကုန်းဘောင်၊ ရတနာပုံ ခေတ်အဆက်ဆက်တို့တိုင် အောင် ပိဋကစာပေ (ပေမူ)တို့ကို လက်ဆင့်ကမ်းပခုံးပြောင်း၍ ဆင့်ပွားတိုးတတ်စေခြင်း။

ဟူသော ပိဋက စာပေ ပညာရှင်ကြီးတို့၏ စာပုလွေ၊ ရင်မှာပိုက် ၍ မောဟိုက်ပင်ပန်းကြီးစွာ ဖြတ်ကျော်ခဲ့ရသော ပိဋကပေမူ ခရီးရှည်ကြီးကို အနီးကပ်ဖူးမြင်ခွင့်ရ ကြပါလိမ့်မည်၊ ဤသို့လျှင် ပိဋက ပေမူနိဒါန်း၊ ပိဋက ပေမူများအကြောင်း အကျဉ်းချုပ် ဖြစ်ပါသည်။

မင်းမဟော် ရေးသား ပူဇော်ပါသည်။
ကျမ်းကိုး
တောင်တွင်းဆရာတော် ခင်ကြီးဖျော်ရေးသော ကလျာဏီ ကျောက်စာ ၊ မြန်မာပြန် စာအုပ်၊ စာမျက်နှာ ( ၁၄၄၊၁၄၅)
မှ ထုတ်နုတ်တင်ပြပါသည်။

No comments:

Post a Comment